လီဗာပူးလ် အသင်းက ချိတ်ဆက်နေသည်ဟု သတင်းထွက်နေသည့် ဂက်စ်တန် ရာမီရက်ဇ်၏ အေးဂျင့်က မိမိ၏ ကစားသမားအတွက် ပရီးမီးယားလိဂ် ကလပ်တစ်ခုနှင့် ဆွေးနွေးနေကြောင်း ဝန်ခံပြောဆိုလိုက်သည်။
ထို့ကြောင့် အသက်(၂၁)နှစ်ရှိ ကွင်းလယ် တိုက်စစ် ကစားသမားသည် အန်းဖီးလ်သို့ ရောက်လာနိုင်သည်ဆိုသော သတင်းများ တစ်ကျော့ပြန် အားကောင်းလာသည်။ ဥရုဂွေး အိုလံပစ် အသင်းတွင် ပါဝင်ကစားနေသည့် ရာမီရက်ဇ်သည် UAEကို (၂-၁)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ဥရုဂွေးအတွက် လှပသော ပြစ်ဒဏ်ဘော ကန်ချက်ဖြင့် ဂိုးသွင်းယူပေးခဲ့သည်။ လီဗာပူးလ်တွင် ဥရုဂွေး ကစားသမားများဖြစ်သည့် လူးဝစ်ဆွာရက်ဇ်နှင့် ဆီဘက်စတီယန် ကော့တက်စ်တို့ ရှိနေပြီး အသင်း မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာကလည်း ရာမီရက်ဇ်အား နှစ်သက် သဘောကျနေသည်။
အီတလီ စီးရီးအေ ကလပ် ဘိုလော့ဂ်နာသည် ရာမီရက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၂၀) သတ်မှတ်ထားသည်။ ရာမီရက်ဇ်သည် ဥရုဂွေးကလပ် ပီနဲလ်ရိုးမှ ဘိုလော့ဂ်နာသို့ ရောက်ရှိလာပြီးနောက် ဘောလုံးရာသီ (၂)ခုဆက် ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ၎င်း၏ အေးဂျင့်ဖြစ်သူ ပက်ဘလို ဘိုတန်ကော့တ်က "ရာမီရက်ဇ်ဟာ အီတလီကို စွန့်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ခုချိန်မှာ ကျွန်တော် ပရီးမီးယားလိဂ် ကလပ်တစ်ခုနဲ့ ဆွေးနွေးနေတယ် ဆိုတာပါ" ဟု ဖွင့်ဟခဲ့သည်။
လီဗာပူးလ်သည် ကွင်းလယ်တိုက်စစ် နေရာအတွက် ဖူလ်ဟမ်မှ ကလင့်ဒမ့်ဆေးအား စိတ်ဝင်စားမှုကို စွန့်လွှတ် လိုက်သည့်နောက် ရာမီရက်ဇ်သည် ဦးစားပေး ပစ်မှတ် ဖြစ်လာကြောင်း သတင်းများက ဖော်ပြသွားသည်။
ရာမီရက်ဇ်ဟာ အီတလီကို စွန့်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ခုချိန်မှာ ကျွန်တော် ပရီးမီးယားလိဂ် ကလပ်တစ်ခုနဲ့ ဆွေးနွေးနေတယ် ဆိုတာပါ...
No comments:
Post a Comment